Thursday, December 11, 2008

Statin ဆေးအုပ်စုဝင် ဆေးများကြောင့် ပြင်းထန်တဲ့ နှလုံးရောဂါများ ဖြစ်နိုင်ချေ


12 November 2008

ကိုသားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ကိုသားညွန့်ဦး - နားဆင်ရန် (MP3) audio clip

ကိုလက်စထော (cholesterol) ကျဆင်းစေတဲ့ Statin ဆေးအုပ်စု အနွယ် Crestor ဆေးထုတ်လုပ်သူတွေရဲ့ စမ်းသပ်လေ့လာချက်သစ်အရ Statin ဆေးတွေဟာ နှလုံးရုတ်တရက် ရပ်တန့်တာမျိုး၊ လေဖြတ်တာမျိုး ပြင်းထန်တဲ့နှလုံးရောဂါမျိုးတွေဖြစ်နိုင်ချေ နည်းပါးလာစေတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။ ဒီဆေးတွေစားခြင်းအားဖြင့် သွေးပြန်ကြောတွေ ရောင်ရမ်း ထိခိုက်တာမျိုး နည်းသွားစေတယ်လို့လည်း ဆိုပါတယ်။

Statin ဆေးတွေဟာ ကမ္ဘာပေါ်မှာ အရောင်းရဆုံး ဆေးတမျိုးဖြစ်ခဲ့ပြီး တနှစ်ကို အနည်းဆုံး ဒေါ်လာ ၂၂ ဘီလီယံ အရေားရှိနေပါတယ်။ Statin ဆေးတွေနဲ့ ပတ်သက်လို့ သုတေသနပြုချက်သစ်တခု အကြောင်း ကိုသားညွန့်ဦးက အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ပြထားပါတယ်။

Read More...

ဆေးမတိုးတဲ့ တီဘီရောဂါပိုးသစ်ကြောင့် အသေအပျောက်နှုန်းပိုများလာနိုင်


22 October 2008

ကိုသားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ကိုသားညွန့်ဦး - နားဆင်ရန် (MP3) audio clip
အလွန်ရှေးကျကတည်းက ရှိလာတဲ့ အဆုတ်နာ တီဘီ ရောဂါကြောင့် တနှစ်တနှစ်ကို လူပေါင်း ၁.၇ သန်း သေဆုံးကြရပါတယ်။ အားလုံးနီးပါးဟာ ဖွံဖြိုးဆဲ တတိယနိုင်ငံတွေကပါ။ အခုအခါမှာ ဆေးနဲ့ယဉ်ပါးနေပြီဖြစ်တဲ့ တီဘီ ရောဂါပိုး အသစ်တမျိုး ပေါ်လာတာကြောင့်လည်း တီဘီရောဂါနဲ့ အသေအပျောက်နှုန်းတွေ ပိုလို့ တိုးများလာမယ့် အရိပ်အယောင်ရှိနေတယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက စိုးရိမ်လာကြပါတယ်။


ဆေးနဲ့အတော်လေးကို ယဉ်ပါးနေတဲ့ XCR-TB လို့ခေါ်တဲ့ တီဘီ မျိုးစိတ်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၃၇နိုင်ငံမှာ ပြန့်နှံနေပါပြီ၊ အတွေ့အကြုံနည်းတဲ့ ဆရာဝန်တွေက Antibiotics ပဋိဇီဝဆေးတွေကို အလေးအနက်မထားပဲ ထင်သလို သုံးစွဲတာကြောင့်နဲ့၊ လူနာတွေကလည်း တီဘီ ဆေးကို ဆေးပတ်လည်အောင် မသောက်တာတွေကြောင့် တီဘီပိုးဟာ ဆေးနဲ့ယဉ်ပါး အသွင်းပြောင်းလာပြီး အခုလို မျိုးစိတ်သစ်တွေပါ ပေါ်လာပါတယ်။ တီဘီ မျိုးစိတ်သစ်ကြောင့် တီဘီပိုး စွဲကပ်ခံရသူ အနည်းဆုံး ၅၀ရာခိုင်နှုန်း အသက်ဆုံးရှုံးရလိမ့်မယ်လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။ အကြောင်းစုံ အခု အပတ် ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်

Read More...

ဆေးဝါး ပြတ်လပ်မှုကြောင့် မြန်မာနိုင်ငံ အေစ်ရောဂါတိုက်ဖျက်ရေး အခက်ကြုံ

01 December 2008

သားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
သားညွန့်ဦး - နားဆင်ရန် (MP3) audio clip

A patient receives care from an MSF staff member.MSF
A patient receives care from an MSF staff member.MSF

မြန်မာနိုင်ငံမှာ HIV/AIDS ဝေဒနာရှင် တွေအတွက် အဓိက အသက်ကယ်ဆေး ART ဆေးပြားတွေ ရဖို့ အခက်ကြုံ နေ တယ်လို့ MSF နယ်စည်းမခြားဆရာ ၀န်များအဖွဲ့က နိုဝင်ဘာလ ၂၅ရက်နေ့ က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ HIV ရောဂါပိုး စွဲကပ်ခံရသူ နှစ်သိန်းခွဲလောက်ရှိနေပြီး အဲဒီအထဲ ခုနှစ်သောင်း ခြောက်ထောင်လောက်ဟာ အေအာတီ ဆေးပြားရရှိဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ပြောတာပါ။

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါကြောင့် မနှစ်တုန်းက လူပေါင်း ၂သောင်းခွဲ သေဆုံးခဲ့ပြီး၊ အခု ဒီနှစ်မှာလည်း အေအာတီ ဆေးပြားတွေ အလုံအလောက်မပေးနိုင်တာကြောင့် ဒီအရည်အတွက် အတိုင်း သေဆုံးသူ ဦးရည်ရှိမယ်လို့ MSF က ခန့်မှန်းပါတယ်။

HIV/AIDS ဝေဒနာရှင်တွေအတွက် အသက်ကယ်ဆေးပမာဖြစ်တဲ့ အေအာတီ ဆေးပြား အလုံအလောက်ရရှိရေးဟာ မြန်မာနိုင်ငံရဲ့ အေစ်တိုက်ဖျက်ရေးမှာ အဓိက အကျဆုံး စိန်ခေါ်ချက်တရပ်ဖြစ်နေတယ်လို့ အေစ်ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်နေတဲ့အထဲ ထင်ရှားသူ တဦးဖြစ်တဲ့ မဖြူဖြူသင်းကလည်း သဘောတူပါတယ်။

အေစ်ရောဂါ တိုက်ဖျက်ရေးအတွက် အဓိကကျတဲ့ အောက်ခြေလူထုအဆင့် ပညာပေးနဲ့ကာကွယ်ရေးလုပ်ငန်း၊ ဝေဒနာသည်တွေကို ကူညီစောင့်ရှောက် ရေးလုပ်ငန်းတွေမှာ ကြုံရတဲ့ အခက်အခဲတွေ ဘာတွေများရှိသလဲဆိုတာ မဖြူဖြူသင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး အခုရက် သတင်းပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ပြထားပါတယ်။


Read More...

နိုင်ငံတကာ အေစ့်တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်မှုရနေ


သားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
သားညွန့်ဦး - နားဆင်ရန် (MP3) audio clip

People take out a rally to mark World AIDS day in Gauhati, India, 01 Dec 2008ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကုလသမဂ္ဂ က နေ သတ်မှတ်ထားတဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ဖြစ်ပါတယ်။ အခု ကျင်းပ တာဆိုရင် အကြိမ် ၂၀ မြောက်ရှိပါပြီ။ ကမ္ဘာ အ၀ှမ်းမှာတော့ နိုင်ငံခေါင်းဆောင်တွေ အေစ့်တိုက်ဖျက်ရေး တတ်ကြွလှုပ်ရှားသူ တွေနဲ့ကမ္ဘာ့ပြည်သူတွေဟာအခမ်းအနားတွေ ကျင်းပပြီး ကမ္ဘာအ၀ှမ်း အေစ့် တိုက်ဖျက်ရေး လုပ်ငန်း အောင်မြင်မှုတွေကို ချီးမွန်းပြောခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အေစ့်ရောဂါတိုက်ဖျက်ရေးနဲ့ အေစ့်ဝေဒနာရှင်တွေကို အကူအညီပေးရေးတွေကို ပိုပြီး လုပ်ဆောင်ကြမယ်လို့လည်း ဂတိက ၀တ်ပြုခဲ့ကြပါတယ်။ အမေရိကန်အစိုးရရဲ့ အခုနှစ်အကုန်ပိုင်းအထိ HIV/AIDS ဝေဒနာသည် နှစ်သန်း ကုသမယ်ဆိုတဲ့ ရည်မှန်းချက်ဟာလည်း ပြည့်မှီခဲ့တယ်လို့ သမ္မတဘွတ်ရှ်က ပြောပါတယ်။ AIDS ရောဂါ တိုက်ဖျက်ကူညီရေး သမ္မတရဲ့ အရေးပေါ် အစီအစဉ်ဟာလည်း အတော်လေးကို အောင်မြင်မှုတွေရတယ်လို့ အသိအမှတ်ပြုခံရပါတယ်။ နောက်လာမယ့် သမ္မတအဖြစ် အရွေးခံထားရတဲ့ မစ္စတာ ဘရက်ခ် အိုဗား မားကလည်း သမ္မတဘွတ်ရှ်ရဲ့ အေစ့်တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေကို ချီးမွန်းပြီး သူ့အနေနဲ့လည်း ဒီလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့ ဂတိပြုပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲတော်ဆေးခန်းမှာလုပ်တဲ့ အခမ်းအနားမှာတော့ ဒေါက်တာ စင်သီယာမောင်က “ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားဆက်ဆံမှုပြဿနာ တွေကို ရှင်းနိုင်မှသာ အေစ့်ရောဂါတိုက်ဖျက်ရေး ကျဆင်းလာမယ်” လို့ ပြောဆိုသွားပါတယ်။




Read More...

Monday, December 8, 2008

အမိမြေကိုယ်စား အလုပ်လုပ်သူများဆုရ


ဒေါက်တာစင်သီယာမောင်
NEJ/ ၂၈ နိုဝင်ဘာ ၂၀၀၈


ထိုင်းနိုင်ငံ Nation Media Group မှ ကမကထပြု၍ လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူများအား အမိမြေကိုယ်စားအလုပ်လုပ်သူများဆုကို ယခုနှစ်မှစပြီး ချီးမြှင့်ရာ တာ့ခ်ခရိုင်အတွက် ဆုရှင်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်အား ရွေးချယ်လိုက်သည်။

အဆိုပါဆုသည် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက် တိုင်းပြည်သို့ မိန့်ကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်သည့်ဆုဖြစ်ပြီး ထိုင်းနိုင်ငံ (၇၆) ခရိုင်တွင် ခရိုင်တခု လျှင် တယောက်နှုန်းဖြင့် လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ (၇၆) ဦးအား အမိမြေကိုယ်စားအ လုပ်လုပ်သူများ ဆုကို ယခုနှစ်မှစတင်၍ ပေးအပ်မည်ဖြစ်သည်။

ထိုင်းဘုရင်မင်းမြတ် မိန့်ကြားခဲ့သည့်မိန့်ခွန်းတွင် “လူတိုင်းလူတိုင်း ကောင်းတာတွေ လုပ်ကြဖို့၊ လူတယောက် ကောင်းမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတခုလုံးကို အများကြီး အကျိုးရှိစေတယ်” ဟု မိန့်ကြားခဲ့သည်ကို လေး စားဂုဏ်ပြုသောအားဖြင့် နိုင်ငံအတွက် လူတော်လူကောင်းများ ထပ်မံပေါ်ပေါက်လာစေရေး ရည်ရွယ်ချက် ဖြင့် ယခုဆုအား ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း Nation Media Group ၏ကြေညာချက်တွင် ဖော်ပြထား သည်။

ဆုချီးမြှင့်ခြင်းခံရသူ ဒေါက်တာ စင်သီယာမောင်က “ထိုင်းနိုင်ငံမှာနေတာ နှစ် (၂၀) ရှိပါပြီ။ ထိုင်းနိုင်ငံသားမ ဟုတ်ပေမယ့် ထိုင်းကအသိအမှတ်ပြုပြီး ဒီဆုကိုပေးတာဖြစ်တယ်။ ကျမတို့ရဲ့ လုပ်ဆောင်ချက်တွေကို လူမျိုး ခွဲခြားမှုမရှိဘဲ အသိအမှတ်ပြုအားပေးတဲ့အတွက် ထိုင်းနဲ့မြန်မာ လူထုတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည် မှုတွေ ပိုပြီးရလာမယ်၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်မှုတွေ အပြန်အလှန် တိုးတက်လာမယ်လို့ မြင်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုင်းတနိုင်ငံလုံး ယခုဆုရရှိသူ (၇၆) ဦးတွင် သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် လူထုအကျိုးပြုလုပ် ဆောင်သူများကို အဓိကထား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ခံရသူများထဲတွင် ဒေါက်တာစင်သီယာ မောင် အပါအဝင် နိုင်ငံခြားသား (၃) ဦးပါရှိသည်။ ဆုရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းများအရ ထိုင်းနိုင်ငံ သားများဖြစ်ရမည်ဆိုသော်လည်း အသက် (၁၅) နှစ်အထက် ထိုင်းနိုင်ငံတွင် အနည်းဆုံး (၅) နေထိုင်သည့် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားများလည်း အကျုံးဝင်သည်။

ဆုပေးပွဲအခမ်းအနားကို လာမည့် ဒီဇင်ဘာလ (၁၁) ရက်နေ့၌ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ဆုရရှိ သူများအား ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်၏ ဘုရင့်အကြံပေးကောင်စီ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရင်မ်တင်လဆူနွန်ဒ်က ဆုချီးမြှင့်ပေးမည်ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုရရှိ မည့် ဆုအပါအဝင် နိုင်ငံတကာမှ ချီးမြှင့်ထားသည့် ဆုပေါင်း (၁၅) ဆုရရှိထားပြီးဖြစ်သည်။ ယခုရရှိသည့် အမိမြေကိုယ်စား အလုပ်လုပ်သူများ ဆုသည် ဆရာမ စင်သီယာမောင် ထိုင်းနိုင်ငံတွင် နေထိုင်သည့် အနှစ် (၂၀) ကာလအတွင်း ထိုင်းနိုင်ငံမှပေးအပ်သည့် ပထမဆုံးဆုဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းပြီး အာဏာသိမ်းလိုက်သည့် နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများထဲတွင် ဒေါက်တာ စင်ဒီယာမောင် လည်း အပါအဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် လူ (၆) ဦးဖြင့် လက်ရှိမယ်တော်ဆေးခန်းအား စတင်တည်ထောင်ခဲ့သည်။ လူ (၆) ဦးဖြင့် စခဲ့သည့် မယ်တော်ဆေးခန်းသည် ယခုအခါ အထူးသဖြင့် ထိုင်းနိုင်ငံတွင်း အလုပ်လာလုပ်ကြသည့် မြန်မာအလုပ်သမားများနှင့် ဒေသအတွင်းရောက် မြန်မာဒုက္ခသည်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် နေ့စဉ်လူနာ (၃၀၀) ခန့်အား ဆေးဝါးကုသပေးလျက်ရှိသည်။ ယခုအခါဆေးခန်းတွင် ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားခန်း၊ သွေးလှူဌာန၊ မျက်စိဌာနနှင့် ခြေတုလက်တု တပ်ဆင်ရေးဌာနများဖွင့်လှစ်ထားပြီး နေ့စဉ် ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသည်။

အထူးသဖြင့် မြန်မာစစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များ၊ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ထိုင်းနိုင်ငံနယ်စပ်များတွင် လာရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ကျန်းမာရေးအတွက် မယ်တော်ဆေးခန်းကို အဓိကအား ကိုးအားထား ပြုကြသည်။

Summary

Rest of your post

Read More...

Saturday, December 6, 2008

10 နာရီ 10 မီးနစ်

Summary

(ကမ္ဘာ့ AIDS နေ့ ၊မဲဆောက်၊ ၀တ္ထုတိုပြိုင်ပွဲမှာ ပထမဆုရ ၀တ္ထုတို)

အချိန်နှင့်ဒီရေသည် လူကို မစောင့်ပါတဲ့
ကျွန်တော်ကတော့ အချိန်တခုကို စောင့်စားရင်း ဘ၀တပြင်လုံးကို ငြိမ့်ညောင်းလွန်း သော ဒီလှိုင်းများတစစ တိုက်စားခြင်းခံခဲ့ရသူပါ …


ဒု.. ချပ်..ချပ် .. ဒု … ဒု… ချပ် တင့်တင့်တင့်တင့်
"ဟင်း …… လာပြန်ပြီ ဒီဖုန်း"
ဖုန်းလေးတစ်လုံး အလှူခံမိပါတယ် အရင်ဖုန်းပိုင်ရှင်ကိစ္စတွေချည်း ဖြေရှင်းနေရတယ် လူနာကိစ္စ၊ ဆေးကိစ္စ၊ အကြွေးကိစ္စ သြော်…သူက ဆေးမှူးတစ်ယောက်ပဲလေ ဒီလောက်တော့ ရှိမှာပေါ့။
"ဟဲလို"
"ဟဲလို ဆရာလားဟင်"
ထင်သားပဲ။
"ဆရာ .. ကျွန်မ၀တ်ရည်ပါ.. ဆရာကန့်ထဲ သွားမယ် သတင်းကြားလို့ အဲဒါ"
ဟော… ခက်ပြီ သူမပြောချင်တာတွေသာ ဆက်ပြောနေသည်။
ကိုယ်ကလည်း ပြောနေကျ စကားပဲ ပြောရမည်။
" ဟဲလို…. ဦးဇင်းက ဆရာမြင့်သန်းမဟုတ်ဘူးဗျ သူကန့်ထဲသွားပြီး ဦးဇင်းကို ဒီဖုန်းလှူ သွားတာ"
"ရှင်… ဆောရီးနော်… အဲ … ကန်တော့ ကန်တော့"
"အေး … အေး… ရပါတယ်"
"ဦးဇင်းက ဘယ်ကျောင်းကလဲဟင်"
" …… ကျောင်းကပါ"

မဲဆောက်မှာ အလုပ်လုပ်နေတဲ့ ဒကာ၊ဒကာမတွေပင့်လို့ အလည်လာရင်း ဒီကမြန်မာ ပြည်သားတွေရဲ့ အခက် အခဲမျိုးစုံကို ကိုယ်တွေ့မြင်ရတော့ သူတို့အတွက် တစုံတခုတော့ ကူညီပေးနိုင်ကောင်းပါရဲ့လို့ဆိုပြီး နေလာလိုက်တာ ဘာလိုလိုနဲ့ နှစ်နှစ်တောင် ကျော်လာပါပေ ကော။ ဦးဇင်းတို့ မြန်မာပြည်သားတွေကလည်း ဘာသာသာသနာဆို သိပ်ယုံကြည်အားကိုးကြ တာကိုးဗျ ကြည့်လေ… မဲဆောက်ပတ်ဝန်းကျင်က စက်ရုံက အလုပ်သမားတွေ တစ်လမှတခါ ရှားရှားပါးပါးရတဲ့ အားလပ်ရက်တွေမှာဆို နီးစပ်ရာဘုရားသွားကြ ဘုန်ကြီးကျောင်းသွားကြ ရက် ကြီးခါကြီးတွေဆိုလည်း ဘုန်းကြီးကျောင်းမှာပဲ အလှူအတန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေလုပ်ကြနဲ့ တ ချို့ဆိုမင်္ဂလာဆောင်ရင်တောင် ဘုန်းကြီးကျောင်းမှာ ဆောင်ကြတာ၊ ရဲဖမ်းလည်း ဘုန်းကြီး ကျောင်းထဲ ဘုရားထဲပြေးဝင်တာပဲ အလုပ်ပြုတ်လည်း ဘုန်းကြီးကျောင်းပဲ ဒီတော့ ထိုင်းဘုန်း ကြီးကျောင်းတွေမှာ မြန်မာဘုန်းကြီးတွေရှိတာ သူတို့အတွက် အားတခုပဲလေ... ကိုယ်လည်း ဒီဘ၀မှာ တမဂ်တဖိုလ်မရမယ့်အတူတူတော့ ရွာအမှုဘုန်းကြီးပတ်တယ်ပဲပြောပြော ပြည်သူ တွေရဲ့အခက်အခဲကို သက်ဆိုင်ရာ မြန်မာအဖွဲ့ အစည်းတွေနဲ့ လက်တွဲပြီး တတ်နိုင်သလောက် ဖြေရှင်းပေးနေရတယ်.. ဒီလိုနဲ့ပဲ အဖွဲ့အစည်းကလူတွေနဲ့ ရင်းနှီးနေတာ ကျန်းမာရေးအဖွဲ့ တဖွဲ့က ဆေးမှူးမြင့်သန်းဆိုရင် ဒကာရင်းဆရာရင်းကိုဖြစ်လို့ … ဟိုတလောကတော့ ဘာစိတ် ပေါက်တယ်မသိဘူး…. ကန့်ထဲဝင်တော့မယ်ဆိုပြီး သူကိုင်နေကျ i-mobile ဖုန်းလေးလာလှူ သွားပြီး ပြန်ကို ပေါ်မလာတော့ဘူး။
အဲဒီဖုန်းဟာ ဦးဇင်းရဲ့ဘ၀ကို တဆစ်ချိုး ဆွဲကွေ့လိုက်မယ်ဆိုတာ …

အချိန်က ည (၁၀)နာရီ (၁၀)မိနစ်
ဖုန်းထဲက မျိုးကြီးရဲ့ အပြာရောင်ချစ်ည သီချင်းထမြည်လာတယ်။ အိပ်မပျော်သေးတာနဲ့ ခေါင်း အုံးဘေးက ဖုန်းကိုအသာစမ်းပြီး ယူလိုက်တယ်… လက်ထဲအရောက်မှာပဲ ဖုန်းကပြန်ကျသွား တယ်….. missed call
ဘယ်သူပါလိမ့်ဆိုတဲ့ အသိနဲ့ ဖွင့်ကြည့်မိတော့ Wityi ၀တ်ရည်… ကြားဖူးသလိုလိုတော့ ရှိသားပဲလို့ တွေးကြည့်တယ်။
သြော် … မနေ့က ဒကာမလေး …….
ဖုန်းကို ခေါင်းအုံးဘေး အသာပြန်ချလိုက်တယ်… မကြာပါဘူး…… နောက်တခါ ဖုန်းပြန်မြည် လာတယ်…. missed call…….
ဖွင့်ကြည့်မိတော့ သူမပါပဲ ၀တ်ရည်… ခက်ပြီ … ဒီတစ်ကြိမ်တော့ ဖုန်းကိုလက်ကမချဘဲ ကိုင် ထားလိုက်တယ်… မျှော်လင့်ထားသလိုပဲ ဖုန်းပြန်မြည်လာတယ်… ဒီတခါတော့ သူဖုန်းမချခင် ကိုယ်က ဦးအောင် ခလုတ်အစိမ်းလေးကို နှိပ်လိုက်တယ်
"ဟဲလို"
"…………………………….."
ပြန်ထူးသံမကြား။
"ဟဲလို ဘာကိစ္စရှိလို့လဲ" လို့ မေးတော့မှ
"ဟဲလို ဟို.. ဟိုလေ…. ဖုန်းဖရီးခေါလုပ်ထားတာ ဆက်လို့ရလားလို့ အဲဒါ စမ်းကြည့်တာ"
"သြော်"
"ဟို… ဘုန်းဘုန်းအိပ်ပြီလားဟင်း … အဲ… အိပ်တာကို ဘယ်လိုပြောလဲ မသိဘူး…."
"ကျိမ်းတယ်လို့ ပြောတယ်" ဒါတောင် မေ့နေသေးတယ်
"သြော်…. ကျိမ်းနေပြီလားဟင်.. ကန်တော့နော်"
"အေးအေး…. ကျိမ်းတော့ မကျိမ်းသေးဘူး…. ကျိမ်းမလို့လုပ်တုန်းပဲ"
"ရှင်… ကျိမ်းမလို့ လုပ်တုန်း…. ဘာလုပ်နေတာလဲ … ဟိ ဟိ"
"အဲ "
ဒုက္ခပဲ ဒီဒကာမလေးနဲ့တော့
ဖုန်းကိုပိတ်လိုက်တယ်။စိတ်က မတင်မကျနဲ့မို့ တော်တော်နဲ့အိပ်မပျော်ခဲ့ဘူး။ အဲ… ကျိမ်းလို့ မပျော်ခဲ့ဘူး…
အဲဒီညက အိပ်မက်ထဲမှာ မဟူရာနတ်သမီးတစ်ယောက် ဦးဇင်းရဲ့တံခါးကို လာခေါက်သွားခဲ့ တယ်။

အခုတလော စိတ်တွေကမတည်ကြည် ယောက်ယက်ခတ်နေသည်။ နှစ်ပေါင်းနှစ်ဆယ်နီးပါး ၀တ်လာတဲ့ သင်္ကန်းကပဲ ယားလာသလိုလို ပူလာသလိုလို နေ့စဉ်ပြုလုပ်နေကျ ဘုရားဝတ် တတ် မေတ္တာပို့၊ပုတီးစိပ်၊တရားထိုင်ခြင်း ကိစ္စတို့မှာ သမာဓိမရ တခုခုဆီ အာရုံရောက်ရောက် နေသလိုလို ညညဆိုရင် တိုင်ကပ်နာရီကိုသာ ခဏခဏ မော်ကြည့်မိနေသည်။ ၁၀ နာရီထိုးတာ နဲ့ နှလုံးခုန်နှုန်းတွေ ကစဥ့်ကလျား…
ဘုရား…… ဘုရား……..

၁၀ နာရီ ၁၀ မိနစ်
ဝတ္တရားတခုလို သံစဉ်များကို စီးနင်းရင်း သူမလာနေပြန်ပါပြီ……..
အလို….ဘာဖြစ်လို့များ ငါ့လက်တွေက ဖုန်းကို ကိုင်မိလျက်သား ဖြစ်နေပါလိမ့်….
"ဟဲ ဟဲလို"
အသံတွေက မတည်ငြိမ်
"ဘုန်းဘုန်းလားဟင်… ဘာဖြစ်နေတာလဲ…နေမကောင်းလို့လား….. "
ကျေးဇူးပြုပြီး စကားတွေကို ဒီထက်မချိုသာပါနဲ့တော့ မိန်းကလေးရယ်
"…………………………….."
"ဘုန်း..ဘုန်း နေမကောင်းလို့လားလို့ ဒီက စိုးရိမ်လို့ မေးနေတာ"
"ဟို … ဟို ကောင်းပါတယ်"
"ဟင့်အင်း… မယုံဘူး….. ဆေးတိုက်မယ်.. ပါးစပ်ဟ"
"ဗျာ"
ဦးဇင်းရင်ထဲက နှလုံးသားတွေ ကစုန်ဆိုင်းကုန်ပြီ မိန်းကလေးရေ………
"ဒါပဲနော်…. မနက်ဖြန်ကျရင် လာကြည့်မယ်… စိတ်မချဘူး"
သေချာပါသည်။ နှစ်ပေါင်းများစွာ ကြိုးစားပိတ်ဆို့ထားသော ကျွန်ုပ်၏ နှလုံးသားမြို့ရိုးများကို ချိုမြရှတသော အသံလှိုင်းလေးများဖြင့် သူမ ချိုးဖောက်ဖျက်ဆီးခဲ့လေသည်။ တယုတယ ပြုစုပျိုး ထောင်ထားသော အာရုံများကို သူမ တစစနှင့်ရိတ်သိမ်းနေခဲ့သည်။

ဒီအတိုင်းသာဆိုရင် သာသနာ့ဘောင်မှာ ဆက်နေနေ၍ မဖြစ်နိုင်တော့ တခုခုကို ဆုံးဖြတ်ဖို့လို လာပြီ။
သူမကို ဖွင့်ပြောတိုင်ပင်တော့ အလွယ်ကလေးပင် သူမက အစီအစဉ်အားလုံးကို တပတ်အ တွင်းနှင့် အပြီးဆွဲလိုက်နိုင်သည်။ ကျွန်ုပ်ဦးဇင်းဦးဝိမလဘ၀မှ ကိုဝင်းမြင့်ဘ၀သို့ ရောက်ရှိခဲ့ သည်။ ဂျင်းဘောင်းဘီတပတ်နွမ်း အင်္ကျီလက်ရှည် second hand နှင့် ဦးဇင်းကို အဲလေ ကျွန်တော့်ကို သူမက "လူမင်းနဲ့ တူတယ်"တဲ့၊ သူမကတော့ ကိုယ်လုံးသေးသေး
အရပ်က မနှိမ့်မမြင့် အသားအရေက ရှေးခေတ်သီချင်းထဲကလို ညိုပြာညက် ကိုယ်ကြပ်အင်္ကျီအကြားနဲ့ စကပ်ရှည်အနက် ရောင်ဘေးကွဲနဲ့သူမကို ဘယ်သူနဲ့တူလဲမေးတော့ ကျွန်တော် မဖြေတတ်၊ တကယ်ပါ ဒီခေတ်မင်းသမီးများနဲ့ မော်ဒယ်များကို နာမည်တချို့သာ ကြားဖူးပြီး ဘယ်သူ့ကိုမှမသိ၊ သူမနှုတ်ခမ်းစူလာသည်၊ သူမနှုတ်ခမ်းနီကိုတော့ အမြဲဆိုးလေ့ရှိသည်။ ဒါ့ ကြောင့် ကျွန်တော်ကသတိရပြီး ပြောလိုက်သည်။ "ရွှေဂဲနဲ့တူတယ်" သူမက ကျွန်တော့်ရင် ဘတ်ကြီးကို သူ့လက်သီး သေးသေးလေးတွေနဲ့ ဖွဖွလေး ထုလိုက်တယ်။ကျွန်တော့်ရင်ထဲမှာ ပန်းကြွေတွေနဲ့ စမ်းရေတွေရောပြွမ်းစီး ဆင်းလို့….
ခင်ဗျားတို့ကြားဖူးလား ယောက်ျားတစ်ယောက်ရဲ့ ဘ၀မှာအပျော်ဆုံးနေ့(၃)နေ့ ရှိတယ်တဲ့။ ထောင်ကလွတ်တဲ့နေ့၊ ရှင်လိင်ပြန်တဲ့နေ့၊မင်္ဂလာဆောင်တဲ့နေ့၊ ကျွန်တော်ကတော့ အဲဒီ(၃)နေ့ ထဲက ထောင်ကလွတ်တဲ့နေ့ကိုဖယ်ပြီး ကျန်တဲ့နေ့(၂)နေ့ကို တပြိုင်နက်တည်း ရလိုက်တာ၊ ကျွန်တော့ရဲ့ မင်္ဂလာဦးညကတော့ သူမစီစဉ်ထားတဲ့ မယ်တောင်က တောင်ယာတဲလေးမှာ။ မင်္ဂလာကြိုးတားသူမရှိ၊ ခဲဖိုးတောင်းသူမရှိ၊ ငြိမ်းချမ်းလှပါဘိ။ အဲဒီညက မှတ်မှတ်ရရ ကျွန်တော့ ဘ၀ရဲ့ ပထမဦးဆုံးည ဖုန်းထဲက ကျွန်တော်တို့ရဲ့ အချစ်သင်္ကေတသံစဉ်ဖြစ်တဲ့ မျိုးကြီးရဲ့ အပြာ ရောင်ညသီချင်းကိုဖွင့်ရင်း အပြုံးနဲ့မှေးစက်လို့ ကာမရေယာဉ်ကြောမှာ အစုန်လိုက်လေးလူး လွန့်မျှောပါလိုက်ကြတယ်….

ဘာ့ကြောင့်ရယ် မသိ၊ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ ခွေးတေလေတစ်ကောင်ရဲ့ ဆွဲဆွဲငင်ငင် အူလိုက်သံကိုတော့ ကြားမိလိုက်တယ်။

ကြုံရာကျဘမ်းအလုပ်တွေကို မောင်တထမ်းမယ်တရွက်နဲ့ကြိုးစားခဲ့ကြတာအခုဆိုရင် ကျွန်တော် တို့ အိမ်ထောင်သက်ဟာ သုံးနှစ်ကျော်တောင်ခရီးပေါက်ခဲ့ပြီ။ ကလေးယူဖို့ကိစ္စကတော့ သူမက မွေးရာပါ နှလုံးရောဂါရှိတယ်ဆိုပြီး မယူဖြစ်သေး၊ ထိုးဆေးနဲ့တားထားတယ်။ သူမဟာ ဆေးတွေ လည်း မကြာခဏ သောက်သောက်နေရတယ်။ နှလုံးဆေးတွေလို့တော့ ပြောတာပဲ။မကြာ မကြာ ပေါင်ခြံတွေမှာ ရေကြည်ဖုတွေ အကွက်လိုက်အကွက်လိုက် ဖြစ်တတ်တယ် ကျွန်တော်နဲ့ ညားစကတည်းက ခုချိန်ထိ မယ်တော်ဆေးခန်းကို တလတစ်ခေါက်လောက် သွားသွားနေရ တယ်။ သူမ ဆေးခန်းသွားပြီးပြန်လာရင် အိမ်အတွက်ရိက္ခာခြောက်လေးတွေလဲ ပါလာတတ် တယ်။ အရင်ကတော့ သူမအခြေအနေကို မေးနေကျ အခုတော့လည်း ပုံမှန်သွားနေကျမို့ အထူး အထွေ မေးမနေတော့။

ကံကြမ္မာဆိုးဟာ အသိုင်းအ၀ိုင်းနဲ့ လာတတ်တယ်တဲ့ ဘ၀ကပဲ ကြမ်းတမ်း၍လားမသိ နေပူပူ မိုးရွာရွာထဲ တောင်ယာလေးလုပ်လိုက် ပန်းရံလေးလိုက်လိုက်နဲ့ အခုတလော ကျွန်တော် ခဏ ခဏဖျားနေတတ်သည်။ သူမဆေးခန်းသွားရင် ပါရာများယူလာပြီး ကျွန်တော့ကို တိုက်လေ့ရှိ သည်။ ခဏတဖြုတ်လောက် သက်သာသော်လည်း အရှင်းကြီးကောင်းမသွား၊ ချောင်းပင်တ ဟွတ်ဟွတ် ဆိုးလာသည်၊ အားအင်များ ကုန်ခမ်းပြီး ခန္ဓာကိုယ်ကချည့်နဲ့နဲ့ ကျွန်တော့်မှာ လက် မှတ်မရှိ၍ ရဲဖမ်းမည်ဆိုးသောကြောင့် သူမကဆေးခန်းကို ခေါ်မသွားရဲသေးတစ်လအတွင်းမှာ လေးခါလောက် ဖျားနေသည်။ သူမ စိုးတော့ စိုးရိမ်နေပုံရသည်။ မျက်နှာမကောင်း တစုံတခုကို မတင်မကျဖြစ်နေပုံ ပြီးတော့ ဆုံးဖြတ်ချက်တခုကို ပင်ပန်းကြီးစွာ ချလိုက်ကြောင်း သက်ပြင်း ရှည်ကြီးက သိသာလှသည်။

"မနက်ဖြန် မနက်ကျရင် ကို့ကို ကျွန်မ ဆေးခန်းခေါ်သွားမယ်"

ကျွန်တော်တို့ ဆေးခန်းရောက်တော့ နံနက်၈နာရီထိုးခါနီး မောပန်းလွန်းသောကြောင့် ဆေးခန်း ရှေ့အုတ်ခုံပေါ်တွင် ခဏထိုင်နားနေလိုက်သည်။ လက်မှတ်ဌာနတွင် လူတချို့တန်းစီနေကြ သည်ကိုတွေ့ရသည်။ ထိုအချိန်တွင်ပင် ဆေးခန်းတံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသော အမျိုးသ မီးနှစ်ယောက်က သူမကိုတွေ့တော့ ငယ်ပေါင်းကြီးဖော်တွေလိုခေါ် ပြောနှုတ်ဆက်နေကြသည်။ သူမက ထိုအမျိုးသမီးနှစ်ယောက်ကို ကျွန်တော်နှင့် မလှမ်းမကမ်းသို့ ခေါ်သွားပြီး စကားပြော နေကြသည်။

"…….. ပိန်သွားတယ်……. ဝေါဗွီရှင်း ……… ရိက္ခာ…….ARV "
ကျွန်တော် မကြားတချက် ကြားတချက်
မကြာပါ၊အိတ်တလုံးလွယ်ထားသော ဆေးရုံအင်္ကျီအဖြူရောင်နှင့် လူတယောက် သူတို့ဆီ လျှောက်လာနေသည်။ ထိုသူကိုတွေ့တော့ သူမအနည်းငယ် အိနြေ္ဒပျက်သွားသည်ကို သတိ ထားလိုက်မိသည်။ ထိုသူက သူမကို ဖိဟောက်နေပုံရသည်။ ဘာတွေလဲ
ကျွန်တော် ဝေခွဲမရဖြစ်နေချိန်မှာ ဟိုအမျိုးသမီးနှစ်ယောက်က ကျွန်တော့ဆီလျှောက်လာပြီး ပြုံး ပြုံးရွှင်ရွှင်နဲ့ လက်မှတ် လိုက်လုပ်ပေး၊ ဆေးမှူးအခန်းဆီခေါ်သွားပေးနဲ့ ကူညီပေးရှာသည်။
"မောင်လေး.. ဘာမှ အားမငယ်နဲ့တဲ့ "
အမျိုးသမီးနှစ်ယောက်နဲ့ပါလာတဲ့ ကျွန်တော့်ကိုဆေးမှူးက ခြေအဆုံးခေါင်းအဆုံး ကြည့်နေ တယ်။ မျက်လုံးတွေက တမျိုးပဲ။ ပြီးမှ ကျွန်တော့်ကို ဘာဖြစ်လဲလို့မေးတယ်။ ကျွန်တော်က ခံစားနေရတဲ့ ဝေဒနာတွေကို အချိန်ကာလနဲ့တကွ ပြောပြလိုက်တော့ နားကြပ်နဲ့ ရင်တွေကျော တွေကိုစမ်းသည်။ ပါးစပ်ဟခိုင်းပြီးကြည့်သည်။ ကီလိုချိန်ခိုင်းသည်။ ပြီးတော့ စာရွက်တစ်ရွက် ပေါ်မှာစာရေးပြီး သွေးစစ်ဖို့ပြောသည်။ သွေးမစစ်ခင် အမျိုးသမီးနှစ်ယောက်ကပင် အခန်းလေး တခုစီ လိုက်ပို့ပေးသည်။ အခန်းထဲတော့လိုက်မ၀င်ပါ။ အခန်းထဲတွင် သပ်သပ်ရပ်ရပ်နှင့် လူ ရွယ်တစ်ယောက် ထိုင်နေသည်။ ကျွန်တော့်ကို နှစ်လိုဖွယ်အပြုံးနဲ့နေရာပေးရင်း သူ့ကိုယ်သူမိတ် ဆက်ပြီး သူ့ကိုယုံကြည်စွာနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ပြောသည်။ သူမေးတာတွေကတော့ ကျွန်တော့အလုပ်အကိုင်၊ပြီးတော့ အိမ်ထောင်ရှိလား၊ အပျော်အပါးလိုက်စားဖူးလား၊ သွေးသွင်း ဖူးလား? ကျွန်တော်လည်း အမှန်အတိုင်းပဲ ဖြေကြားခဲ့သည်။ ဘုန်းကြီးလူထွက်၊ သွေးမသွင်းဖူး ဘူး၊ အပျော်အပါးကင်းစင်၊ အိမ်ထောင်ရှိ။
သူက ဆက်ပြောသည်။
"ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်ပေါ့" တဲ့
ရှိတာပေါ့ ကျွန်တော်က သူမတယောက်တည်း
ကျွန်တော်ခေါင်းငြိတ်လိုက်သည်။
"ဟုတ်ကဲ့"
" အခုစစ်မှာက HIV စစ်မှာ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို သိထားဖူးသလဲ ဥပမာ HIV ပိုးဟာ ဘယ်လိုကူးသလဲ"
H….I…..V
ရင်တွေ တထိတ်ထိတ် ခုန်လာသည်။
" လိင်ဆက်ဆံတာတို့ သွေးသွင်းတာတို့က ကူးတယ်လို့ ကြားဖူးပါတယ်ဆရာ"
သူက ပြုံးရင်း " ခင်ဗျား ကွန်ဒုံးသုံးလား"
"မသုံးဘူး ဆရာ…"
"ဒါဆိုရင် ခင်ဗျားအိမ်ထောင်ဖက်အပေါ် ဘယ်လိုသဘောရလဲ ယုံကြည်မှုရှိလား"
"ဗျာ….."
အခုမှ ကျွန်တော်သတိရလိုက်မိသည်။ အရင်က ကျွန်တော် ဒါတွေဘာလို့မေ့နေခဲ့တာလဲ ၀တ်ရည်….. နှုတ်ခမ်းနီ အမြဲဆိုးတဲ့ သူမ…….
သောက်ဆေးများ………
မွဲခြောက်ခြောက် အသားအရေ……..
ပေါင်ခြံတ၀ိုက်မှ ရည်ကြည်ဖု အကွက်များ….
"ကဲပါလေ သွေးစစ်ပြီးလို့ အဖြေထွက်တော့ ရှင်းသွားမှာပါ။ အဲဒီအချိန်ကျရင် ပြန်ဆွေးနွေးကြ တာပေါ့။ စိတ်ကို အေးအေးထားပါ"
အခန်းအပြင်ရောက်တော့ သူမနှင့်ဟိုအမျိုးသမီးနှစ်ယောက် စောင့်နေသည်။ သူမမျက်နှာမ ကောင်း ကျွန်တော်လည်း ဆွံ့အနေသည်။ ပြောစရာစကားမရှိ။ သွေးဖောက်သည့် ဌာနသို့သွား ၍ သွေးဖောက်ပြီး ဆရာမက မနက်ဖြန် ပြန်ချိန်းသည်။ ကျွန်တော် အိမ်မပြန်ချင်တော့ အဖြေကို သိချင်လွန်း၍ပဲလား…ခရီးဝေးလို့လား…ကျွန်တော်မဝေခွဲတတ်…
သူမကတော့ အိမ်ကို စိတ်မချဟုဆိုကာ ပိုက်ဆံတစ်ရာ လက်ထဲထည့်ပေးပြီး ပြန်သွားသည်။ အမျိုးသမီးနှစ်ယောက် စီစဉ်ပေးသော အဆောင်ထဲတွင် တညလုံးလမ်းလျှောက် လိုက်ထိုင် လိုက်လှဲလိုက်နှင့် အိပ်မရခဲ့။

အတွေးများက အတိတ်ဆီ …
ရွာဦးကျောင်းက အုန်းမောင်းခေါက်သံနှင့် ကိုရင်ဘ၀ပုံရိပ်များ၊ ကျေးဇူးရှင် ဆရာတော်ဘုရားရဲ့ သြ၀ါဒ၊ ပုတီးစိပ်နှင့် အမေအို…
မျက်ရည်များ ဝေ့သီလာသည်။
မနက်ဖြန်… မနက်ဖြန်ဆိုရင်…

စစ်မုန်းသွေး (SAW)
(ဤ၀တ္ထုတိုသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ လူနာမည်များပြောင်းကာ ခံစားရေးဖွဲ့ထားပါသည်)

Read More...

ဒေါ်အေးအေးမာမှ ဖဲကြိုးနီဆုလက်ခံရရှိနေပုံ




Read More...