Thursday, March 13, 2008

Thursday, March 13, 2008


ဒီမိုကရေစီရေးလှုပ်ရှားသူများသို့ ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း ပန်ကြားချက်ထုတ်ပြန်

ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက အာဏာရှင်စနစ်ကို တွန်းလှန်နိုင် သည့်အားမှာ ပြည်သူ့အင်အား ဖြစ်သည်ဟု ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများအား ပြောဆိုလိုက်သည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက “လက်ထဲမှာဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျှောက်စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့ သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး။ … ကုလသမဂ္ဂကကယ်တင် လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှမရှိခဲ့ဖူးပါဘူး” ဟုပြောသည်။
သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ပန်ကြားချက် အစအဆုံးကို (အသံကို) ဤနေရာတွင် နားဆင်နိုင်ပါသည်။

Read More...

Read More...

AFP/ခေတ်ပြိုင် ၁၃ မတ် ၂၀၀၈

မြန်မာနိုင်ငံတွင် ဥပဒေနှင့်မညီသော ဖမ်းဆီးမှုများအရှိန်မြင့်လာဟု ပီညဲရိုးပြောကြား

မြန်မာစစ်အစိုးရသည် ဥပဒေနှင့်မညီသော ဖမ်းဆီးမှုများကို ရပ်တန့်ရမည့်အစား ပို၍အရှိန် အဟုန်မြှင့် လုပ်ဆောင်လာသဖြင့် ဇန်န၀ါရီလအထိ ထောင်တွင်း၌ ဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ (၁,၈၅၀) ဦးအထိ ရှိလာသည်ဟု ယမန်နေ့၌ ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို ရပ်တန့်ရမယ့်အစား အစိုးရက ပိုပြီးတော့တောင် ဖမ်းဆီးမှုတွေ လုပ်လာတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုး၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရ၏ သဘောတူညီမှုများမှာလည်း ပျောက်ကွယ်ကုန်ပြီဟု ဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ယနေ့တင်ပြမည့် အစီရင်ခံစာတွင်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာ အတွင်း စစ်အစိုးရကို ဆန့်ကျင်သည့် လူထုအုံကြွမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးမှုများ ဆက်လုပ်နေကြောင်း သတင်းများရရှိနေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

ယမန်နှစ် နိုဝင်ဘာ ၎င်း မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က ဖမ်းဆီးခံရသူ (၇၀) ဦးရှိခဲ့ပြီး (၆၂) ဦးမှာ၏ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ပီညဲရိုးက ပြောသည်။

ဖမ်းဆီးခံရသူများ နှိပ်စက်ညှဉ်းပန်ခံရကြောင်း၊ အချုပ်ခံနေရစဉ်အတွင်း သေဆုံးမှုများနှင့် ၀ရမ်းမပါဘဲ ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရှိရသည်ဟု ၎င်းက ပြောသည်။

ယမန်နှစ် စက်တင်ဘာအရေးအခင်းတွင် အကြမ်းဖက်နှိမ်နင်းခဲ့မှုများနှင့် တိုင်းရင်းသားဒေသ အချို့တွင် စစ်တပ်အင်အား တိုးချဲ့ တပ်ဖြန့်ထားခြင်းသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံများအဖြစ် ပို၍ ပေါ်လွင်လာရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးမှာ ပိုမိုဆိုးရွားသည့်အခြေအနေသို့ ရောက်လာကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်ဘက်တွင်လည်း တိုင်းရင်းသားလူမျိုးစုများအား အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်းနှင့် အဓမ္မနေရာ ပြောင်းရွှေ့ခြင်းတို့နှင့်ပတ်သက်၍ ဆက်လက်အစီရင်ခံရန် ရှိနေသေးသည်ဟု ပြောသည်။

နှိပ်စက်ညှဉ်းပန်းခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းနှင့် အရွယ် မရောက်သူများအား စစ်မှုထမ်းခိုင်းခြင်း စသည့်ကျူးလွန်မှုများကို စစ်အစိုးရအသိုင်းအ၀န်းတွင် အပြစ်ပေးခံရခြင်းမရှိသည့် အစဉ်အလာမှာ အဓိက အတားအဆီးတခုသဖွယ် ဖြစ်နေသည်ဟု အစီရင်ခံစာတွင်ပါရှိသည်။

ယမန်နှစ် နိုဝင်ဘာတွင် ပီညဲရိုးသည် မြန်မာနိုင်ငံသို့ (၅) ရက်ကြာ သွားရောက်ခဲ့ပြီး ကျန်းမာ ရေးချို့တဲ့သည့် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် စစ်အစိုးရကို တိုက်တွန်းခဲ့ပြီး ယင်းလုပ်ရပ်သည် ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတွင် အလေး ထားစရာ အပြုအမူတခုဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

Read More...

မန္တလေးမှာ မဲရုံမှူးတွေ ခန့်အပ်နေပြီ

မဇ္ဈိမသတင်းဌာန မတ် ၁၃ ရက် ၂၀၀၈


နယူးဒေလီ။ ။ လူထု ဆန္ဒခံယူပွဲအတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် မဲရုံမှူးများကို လျှို့ဝှက် ခန့်အပ်တာဝန်ပေးမှုများ ယခု ရက်ပိုင်းအတွင်း ပြုလုပ်နေပြီ ဖြစ်သည်။

ခန့်အပ်သူ၏ သဘောတူညီချက် ကြိုတင် ရယူခြင်းမရှိဘဲ လာမည့် မေလ လူထုဆန္ဒခံယူပွဲအတွက် ရည်ရွယ်ပြီး မဲရုံမှူးများကို မြို့နယ် မယက ရုံးသို့ ခေါ်ယူကာ အသိပေး ပြောဆိုနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

“ကျယ်ကျယ်ပြန့်ပြန့် အသိပေး လုပ်နေတာတော့ မဟုတ်ဘူးဗျာ။ ကျနော်တို့ ရပ်ကွက်တော့ ရောက်မလာသေးဘူး။ လူတွေကို နဂိုကတည်းက ရာထားပြီးသား။ တာဝန်ပေးတဲ့ အခါကျမှ အသိပေးလိုက်တာပေါ့။ တာဝန်ပေးခံရတဲ့ သူတွေက ဘာမှကို မသိဘူး” ဟု မဟာအောင်မြေသာစံမှ ဒေသခံတဦးက ပြောသည်။

သူက ဆက်ပြီး “တာဝန်ပေးခံရတဲ့ သူတွေကတော့ လုပ်လည်း မလုပ်ချင်ဘူး။ ဇွတ်ခိုင်းတဲ့အတွက် လုပ်ရတယ်။ ဝန်ထမ်းလည်း မဟုတ်ဘူး။ သာမန်အရပ်သားတွေထဲက လုပ်ငန်းရှင်တွေပဲ။ လုပ်ငန်းရှင်တွေ ထဲမှာတောင် ရိုးရိုးသားသား အလုပ်ကြိုးစားနေတဲ့ သူတွေပေါ့။ တာဝန်ရှိတဲ့သူက သူ့ဆီကို ကိုယ်တိုင်လာဖိတ်မှ မဲရုံမှူး လုပ်ရမယ်ဆိုတာ သိတယ်။ သူတို့ကို အပေါ်ကနေ ချပေးတာပေါ့။ သူတို့ အထင်ကတော့ ရပ်ကွက်ထဲမှာ ရယက တွေကတဆင့် ကောက်ပြီးတော့ တင်ထားတာဖြစ်မှာပေါ့” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မဲရုံမှူးများကို မြို့နယ် ဥပဒေအရာရှိနှင့် မယက တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံနေပြီ ဖြစ်သည်။

“မဲရုံမှူးကို ဥပဒေအရာရှိက ပြောတယ်။ ထောက်ခံမဲရအောင်၊ ဥပဒေကို အတည်ပြုနိုင်အောင် ပြောပေးပါ ဆိုပြီးတော့ မဲရုံမှူးကို ဥပဒေ အရာရှိက ပြောတယ်ပေါ့။ ဒါတော့ သူတို့ဘက်က ပြောရမယ့် အပိုင်းပေါ့လေ” ဟု အခြား ဒေသခံတဦးကလည်း ပြောသည်။

ထို့အပြင် ဗဟို ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက မန္တလေးတိုင်းရှိ ရွေးကောက်ပွဲ ကော်မရှင်ခွဲမှ တာဝန်ရှိသူများကို ယခုလ ၇ ရက်နေ့က တွေ့ဆုံခဲ့သေးသည်။

ယခုဒေသခံက “မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ခွဲရုံးမှာ ဗဟိုကနေ တွေ့တာ တီဗီမှာ ပါတယ်။ သက်ဆိုင်ရာ ခယက (ခရိုင် အေးချမ်းသာယာရေး) တွေရော၊ မယက (မြို့နယ် အေးချမ်းသာယာရေး) တွေလည်း ပါတယ်။ အဲဒါတွေနဲ့ တွေ့ကြတယ်။ လူဦးရေ ၅ဝ နီးပါးလောက် ရှိတယ်။ တိုင်းအဆင့်လောက်၊ မြို့နယ်အဆင့်လောက် တွေ့နေတာပေါ့။ ရပ်ကွက် အဆင့်လောက်တွေတော့ မပါသေးဘူး” ဟု ပြောသည်။

ယနေ့ထုတ် နအဖ သတင်းစာ မြန်မာ့အလင်းတွင်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်သော ဦးတင်မောင်နှင့် ဦးစိုင်းစံတင်တို့က ယခုလ ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်း ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများကို မန္တလေးတိုင်း ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်း ညှိနှိုင်း စည်းဝေးခဲ့သည်ဟု ပါရှိသည်။

ယခုလို အစည်းအဝေးပွဲ ကျင်းပအပြီး ရက်ပိုင်းအတွင်း မဲရုံမှူးများ လျှို့ဝှက် တာဝန်ပေးအပ်နေသည့် သတင်းများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

Read More...